သထုံမြို့နယ်တွင် (၇၅)ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့အခမ်းအနား အကျဉ်းချုံ့၍ကျင်းပ

သထုံ ဖေဖော်ဝါရီ ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ (၇၅)ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့အခမ်းအနားကို တံတားဦးကျေးရွာအုပ်စု၊ ဒင်္ဂါးဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ယနေ့ နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အကျဉ်းချုံ့၍ ကျင်းပခဲ့ကြောင်း သိရသည်။

မွန်တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့ထုံးတမ်းများကို ‌ဖော်ထုတ်နိုင်ပြီး မွန်လူငယ် များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုထုံးတမ်းတို့ကို မပျောက်ပျက်အောင် ဂရုပြုကာ လက်ဆင့် ကမ်း ထိန်းသိမ်းသွားနိုင်ရန် ရည်ရွယ်ကာ မွန်အမျိုးသားနေ့အား အစဉ်အဆက် လက်ဆင့်ကမ်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သထုံမြို့ နယ် မွန်တိုင်းရင်းသားစာ‌ပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင် တစ်ဦးက ပြောသည်။

စိန်ရတု မွန်အမျိုးသားနေ့ ကျင်းပရာတွင် နံနက် ၇ နာရီအချိန်၌ တက်ရောက်‌လာကြသည့် မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ စသည့် တိုင်းရင်းသားများက မွန်အမျိုးသားအလံတော်ကို လွှင့်ထူအလေးပြုကြခြင်း၊ သံဃာတော်များထံမှ တရားနာယူပြီး ဆွမ်းနှင့် လှူဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။

သထုံမြို့နယ်တွင် မြိုနယ်အဆင့် မွန်အမျိုးသားနေ့ အခမ်းအနားကို မွန်တိုင်းရင်းသားအများစု နေထိုင်သည့် ကျေးရွာများ၌ အလှည့်ကျ နှစ်စဉ်ပြုလုပ်လေ့ရှိပြီး ယခင်နှစ်များတွင် သက်ကြီးပူဇော်ပွဲ၊ ယိမ်းပြိုင်ပွဲများ၊ ပြခန်းများနှင့် စတုဒီသာကျွေးမွေးခြင်းတို့ဖြင့် စည်ကားစွာ ကျင်းပခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယမန်နှစ်မှစတင်ကာ အကျဉ်းချုံ့၍သာ ပြုလုပ်နိုင်ခဲ့ကြောင်း မြို့နယ် မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။

ကိုကိုဦး