ကျောက်တော် ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်အတွင်းနေ ပြည်သူများအနေဖြင့် မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကူးစက်ပြန့်နှံမှုမရှိစေရေးအတွက် ကိုဗစ်၁၉ ညွှန်ကြားချက်များအား ရပ်ကွက်နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အတွက် ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်မီးသတ် ဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာ နေရာများ၌ သံချဲ့စက်ဖြင့် လိုက်လံလှည့်လည် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေး လှည့်လည်နှိုးဆော်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ယခုအခါတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် စတင်ကူးစက် ပြန့်နှံနေပြီဖြစ်၍ မိမိတို့၏ မြို့ရွာနှင့် ရပ်ကွက်များအတွင်းသို့ ကူးစက်ပြန့်နှံမှု မရှိစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ပြန်ထားသော နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာရပါက ပါးစပ်၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရန်၊ ပတ်ဝန်းကျင်ရှိ လူများနှင့် ထိတွေ့ဆက်ဆံရပါက မျက်နှာကာ (face shield) တပ်ဆင်ရန်၊ လက်ကို စက္ကန့် (၂၀) ကြာအောင် စနစ်တကျ ဆေးကြောရန်၊ လေဝင်လေထွက်ကောင်းသော အခန်းများတွင်နေရန်၊ နှာခေါင်းစည်း (mask) မတပ်ဆင်သူ များနှင့် အနီးကပ်ဆက်ဆံမှု မပြုရန်၊ ရပ်ကွက်အတွင်း ဖျားနာသူနှင့် ရောဂါကူးစက်မှုခံနေရသည့် သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ဆက်သွယ်၍ ဆေးကုသမှုခံယူရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများအတိုင်း နေထိုင် သွားလာကြရန်အတွက် မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မြို့တွင်းရှိ လမ်းဆုံ၊ လမ်းခွနေရာများနှင့် လူစည်ကားရာ နေရာများသို့ သွားရောက်ပြီး အသိပညာပေး လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း