တိုက်ကြီး ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ယနေ့နံနက် ၈ နာရီ အချိန်က ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများထံသို့ အသိပညာပေးခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေခြင်းကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး ဦးဆောင်သော ကော်မတီဝင်များသည် လူစည်ကားရာ မြို့လယ်လမ်း၊ ဘုရားလေးအရှေ့၊ တိုက်ကြီးမြို့မဈေးတို့တွင် ကိုဗစ်-၁၉ ကူးစက် ရောဂါကို ကြိုတင် ကာကွယ်၊ ထိန်းချုပ်၊ ကန့်သတ်သွားနိုင်ရေးအတွက် ထုတ်ပြန်ထားသော ဒေသန္တရအမိန့်များ ကို ပြည်သူများမှ တိကျစွာ လိုက်နာနေထိုင်ရေးနှင့် နေအိမ်ပြင်ပသို့သွားလာတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask) တပ်ဆင်ရေး တို့ကို ပြည်သူတို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ အသိပညာပေး လှုပ်ရှားမှု (Mask Campain) ကို ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ ထံသို့ အသိပညာပေးခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး နှင့် ကော်မတီဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မိုးစေတနာ ပရဟိတ အသင်း(တိုက်ကြီးရုံးခွဲ)တို့က ပူးပေါင်း၍ အဝတ် Mask (၁၀၀၀)ခု၊ Surgical Mask (၄၀၀)ခု စုစုပေါင်း Mask (၁၄၀၀)ခု အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)