သီပေါမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ပဲဆီလှူဒါန်းခြင်းများဆောင်ရွက်

သီပေါ ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများမှ ရဟန်း၊ သာမဏေနှင့် သီလရှင်များ ဆွမ်းကိစ္စရပ် အဆင်ပြေ စေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းအရာထမ်း၊ အမှုထမ်း မိသားစုများက ယနေ့ နံနက်ပိုင်းက ဓမ္မသုခသီလရှင်စာသင်တိုက်သို့ ဆွမ်းဆန်တော်နှင့် ပဲဆီများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် အောင်စေတီဘုန်းတော်ကြီးကျောင်းမှ ဆရာတော်၊ သံဃာတော်၊ ရဟန်း၊ သာမဏေများအတွက် ဆန်(၄)အိတ်၊ ပဲဆီ(၂)ပုံး၊ ပါးစပ် နှာခေါင်းစည်း (Mask) (၄)ဘူး၊ Hand Spray    (၄)ဘူးတို့ကို ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့၊ ဦးစီးဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းရာ သီလရှင်ဆရာကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ပဲဆီများအား လစဉ်အလှည့်ကျ ဆက်ကပ် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)