ရပ်စောက် ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်ကာ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်းမရှိသည့် လမ်းသွား လမ်းလာများအား (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ရှောင်တခင်စစ်ဆေးပေးခြင်းကို ဥတ္တံတားရပ်ကွက်၊ ရေကြည်ချောင်းအနီး၌ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ ရှောင်တခင်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြုအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု အန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများနှင့် မြို့ဝင်/ မြို့ထွက် ဂိတ်များတွင် လမ်းသွား လမ်းလာပြည်သူများအား (RDT) Test Kit ဖြင့်ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ (အခမဲ့)ရှောင်တခင် စစ်ဆေးခြင်းလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက် ပေးလျက်ရှိပြီး နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်း မရှိသူများအား နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)