ဒလမြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ ကြိုတင်ကာကွယ်ရေး ခရီးသွားပြည်သူများအား ပါးစပ် နှာခေါင်းစည်းများ ပေးဝေ

ဒလ  ဖေဖော်ဝါရီ   ၁၆

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ   ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ဒလဘက်ကမ်းမှတစ်ဆင့် စီးပွားရေးမြို့တော် ရန်ကုန် ဘက်ခြမ်းသို့ နေ့စဉ်ကူးသန်းသွားလာကြသည့် ခရီးသွားမိဘလုပ်သားပြည်သူများအား ပါးစပ် နှာခေါင်းစည်း များ စနစ်တကျ တပ်ဆင်စေရေးအတွက် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီခွဲက ဒလမြို့နယ် ကမာကဆစ်စက်တပ်သမ္ဗန်ကူးတို့ဆိပ်၊ ကမာကသွယ် စက်တပ် သမ္ဗန်ကူးတို့ဆိပ်နှင့် စက်မြေစက်တပ်သမ္ဗန်ကူးတို့ဆိပ်တို့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊  မြို့နယ်  ကြက်ခြေနီတပ်ဖွဲ့မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ခရီးသွားမိဘပြည်သူများကို ပါးစပ်နှာခေါင်းစည်း အခုရေ ၂၀၀၀ ပေးဝေခဲ့ပြီး၊ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးအတွက် အသိပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။

ဒလမြို့နယ်၌ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာစုစုပေါင်း ၈၃ ဦး တွေ့ရှိပြီးဖြစ်ကြောင်း၊ အဆိုပါ ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံ၊ ရခိုင်ချောင်တိုက်နယ်ဆေးရုံ၊ သပြေကုန်းကျေးရွာရှိ အနာဂါမ် ဆရာသက်ကြီးတန်ဆောင်တို့တွင် အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

သုတ