ရန်ကုန် သြဂုတ် ၂၇
အိုင်အိုဒင်းဓာတ်သည် ခန္ဓာကိုယ်ကြီးထွားစေခြင်းနှင့် ဉာဏ်ရည်ဖွံ့ဖြိုးစေခြင်းတို့အတွက် အရေးပါသည့် သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ် ရာ တွင် မရှိမဖြစ်သည့် အဏုအဟာရဓာတ် တစ်ခုဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်များတွင် အိုင်အိုဒင်းချို့တဲ့ပါက သန္ဓေသားပျက်ခြင်း၊ ကလေးအသေမွေးခြင်း၊ ပေါင်မပြည့် လမစေ့သည့် ကလေးများမွေးဖွားခြင်း၊ ဆွံ့အ နားမကြားသည့် ကလေးများမွေးဖွားနိုင်ပြီး ကလေးများနှင့် လူကြီးများတွင် အိုင်အိုဒင်းချို့တဲ့ပါက လည်ပင်းကြီးရောဂါဖြစ်ခြင်းနှင့် သွက်လက်မှု မရှိဘဲ ထုံထိုင်းခြင်းများကို ခံစားရ နိုင်ပါသည်။
ထိုကဲ့သို့ ပြည်သူများအတွက် လွန်စွာအရေးပါသော အိုင်အိုဒင်းဓာတ်များသည် ပင်လယ်စာများတွင် များစွာ မပါဝင်တော့သည့်အတွက် နေ့စဉ်အစားအစာများတွင် ထည့်သွင်းစားသုံးကြရန် ရည်ရွယ်၍ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ တောင်ညွန့်ကြီး အမဲစျေး အတွင်း ရောင်းချလျက်ရှိသော ဆားများတွင် အိုင်အိုဒင်းဓာတ်ပါဝင်သော ဆားများ ရောင်းချမှု ရှိ /မရှိ တို့ကို မြို့နယ်ပြည်သူ့ ကျန်းမာ ရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ (စျေးများဌာန) မှတာဝန်ရှိသူများနှင့် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး စျေးရောင်းချသူများနှင့် စျေးဝယ်လာ ကြ သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် Mask တပ်ဆင်ရန်၊ အရာဝတ္တုများ ကိုင်တွယ်ပြီးတိုင်း လက်ဆေး ကြရန် နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများကိုပါ စျေးအတွင်းလှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)