မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ညွန့်ကြီးရပ်ကွက်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရ ပိုလျှံရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်း ဆောင်ရွက်

ရန်ကုန်  သြဂုတ်  ၂၇

ပြည်သူများ၏လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုသည် အရေးကြီးသည့် အခန်းကဏ္ဍ ဖြစ်သည့်အတွက် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းများအား တာဝန်ရှိသူများ၏ ကြီးကြပ်မှုများဖြင့် ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ တောင်ညွန့်ကြီးရပ်ကွက်ရှိ  (၁၀၄) လမ်းအား ကွန်ကရစ်ခင်း ခြင်း လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ  (၂၃၁) ပေအရှည်ရှိ (၁၀၄)လမ်းမကြီးအား (၁၈) ပေ အကျယ်ဖြင့် (၆) လက်မထု ကွန်ကရစ် ခင်းခြင်းအား ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေး နှစ် တိုင်းဒေသကြီးအစိုးရ ပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး မြို့နယ်လမ်းတံတားဦးစီးဌာနမှ တာဝန်ခံ အင်ဂျင် နီယာ ဦးသန်းဟုတ်မှ တာဝန်ယူဆောင်ရွက် လျှက်ရှိရာ လမ်းလုပ်ငန်းများဆောင်ရွက်ရာသို့ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့်  မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်လှိုင်၊ အဖွဲ့ဝင်များမှ ကွင်းဆင်းကြီးကြပ်ကာ လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ကြသည်။ ရပ်ကွက် နေပြည်သူများ အဓိကထား အသုံးပြု သွားလာနေရသော (၁၀၄) လမ်းကောင်းမွန်သွားပါက ပြည်သူများအတွက် သွားလာရေးတွင် အလွန်အဆင်ပြေ ချောမွေ့ သွားမည် ဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)