မိုင်းပန်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး ပညာပေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းပန် ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁ဝ)နာရီအချိန်က မြို့နယ်အဆင့် ကျောင်းကျန်းမာရေး ပညာပေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီ နာယက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားခွင့် ရရှိစေရေးသာမက ကျန်းမာရေးသည်လည်း အဓိကအရေးကြီးပါကြောင်း၊ ကလေးငယ်များ ကျန်းမာစွာ ပညာသင်ကြားခွင့် ရရှိစေဖို့အတွက် ပညာရေးနှင့် ကျန်းမာရေးဌာနက ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းတိုင်းမှာ နိုင်ငံတော်ကချမှတ်ထားသည့် မူတွေကို ထိထိရောက်ရောက် ဆောင်ရွက်မှသာ ကျောင်းနေအရွယ် ကလေးများအတွက် အကျိုးရှိမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကာ မြို့နယ်ကျောင်းကျန်းမာရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနိုင်လင်းထွန်းမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီ ဒု/ဥက္ကဋ္ဌ မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးဦးမှ ကျောင်းကျန်း မာရေး လုပ်ငန်းဆိုင်ရာများ ကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာသူများမှ ဆွေးနွေးလိုသည်များ၊ သိရှိလိုသည်များအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနိုင်လင်းထွန်းမှ ကျန်းမာရေးနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်မှသာ ကလေးငယ်များ ကျန်းမာပြီး ရောဂါကင်းကာ ပညာသင်ကြားနိုင်မည်ဖြစ်ပါကြောင်းနှင့် မြို့နယ်ကျောင်းကျန်းမာရေး ကော်မတီအား အသစ်ပြန်လည် ဖွဲ့စည်းထားပါကြောင်း နိဂုံးချုပ် အမှာစကားပြောကြားပြီး တက်ရောက်လာသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မိုင်းပန်