နမ္မတူ ဖေဖော်ဝါရီ ၁၆
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံး နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူး အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက စာအုပ်စာပေ လေ့လာဖတ်ရှုသူ စာပေဗဟုသုတရှိသူသည် စာပေဗဟုသုတ မရှိသူထက် အမြဲတမ်း ခေါင်းတစ်လုံးမြင့်ကြောင်း၊ ဦးနှောက်ကို ပိုမိုလှုံ့ဆော်ပေးနိုင်ကြောင်း၊ အာရုံစူးစိုက်မှု အားကောင်းစေကြောင်း၊ ဗဟုသုတများစွာ ကြွယ်ဝစေကြောင်း၊ စိတ်ဖိစီးမှုကို လျော့ကျစေကြောင်း၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေကြောင်း စသည်ဖြင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများများအား ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်လေးများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် အမှတ်(၃) အခြေခံပညာ မူလတန်းလွန်ကျောင်းမှ အလယ်တန်း ကျောင်းသား/ ကျောင်းသူလေး များက သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ဦးစီးမှူးမှ ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးအနေဖြင့် ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်လေးများ စာပေ ဖတ်ရှုမှု ပိုမိုမြင့်မားလာစေရေးအတွက် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကာ စာပေဖတ်ရှုသည့် အလေ့အကျင်းကောင်းများ ရရှိစေရေး၊ စာပေကို ချစ်မြတ်နိုး၍ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာပြီး စာပေအသိပညာများ ဖလှယ်နှီးနှောနိုင်စေရေး၊ စာအုပ်စာပေ ကောင်းများကို လေ့လာဖတ်ရှုပြီး ကိုယ့်ဘဝတက်လမ်းအတွက် လိုအပ်သည့် စာပေကောင်းများကို လေ့လာမှတ်သားနိုင်စေရေး ရည်ရွယ်၍ ယခုလို အသိပညာပေး ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်း ထံက သိရသည်။
လူမော်