တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်မှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

ရန်ကုန်     ဖေဖော်ဝါရီ     ၁၆

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်မှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည် ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွများနှင့် လူအသွားအလာများသည့် နေရာများ၌ မြို့နယ်အတွင်းရှိ ပြည်သူများနှင့် လမ်းသွားလမ်းလာများအား နှာခေါင်းစည်း ( Mask )နှင့် မျက်နှာကာ (Face shield)များ အခမဲ့ ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး ပိုစတာများ၊ ဗီနိုင်းများချိတ်ဆွဲ၍ အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်မှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအပေါ် စျေးလာရောက်ဝယ်ယူသူ ဒေါ်မြသွေးကလည်း " ယခုလို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်နှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေဖို့ အသိပညာပေးတာဟာ အရမ်းကောင်းပါတယ်။ ကျွန်မတို့ ပြည်သူတွေအနေနဲ့လည်း ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရဲ့ ရောဂါ လက္ခဏာတွေ၊ လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ခြေရှိတဲ့ နည်းလမ်းတွေ၊ ရောဂါကူးစက်ခံရမှု မရှိအောင် ကြိုတင် ကာကွယ်နည်းတွေအပြင် နေ့စဉ် ကျန်းမာရေးနှင့် ညီညွတ်အောင် ဘယ်လိုနေထိုင်စားသောက်ရမလဲ ဆိုတာတွေကို ပြည့်ပြည့်စုံစုံ သိရှိခွင့်ရတဲ့အတွက် တာဝန်ရှိသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ် " ဟု ပြောကြားခဲ့သည်။

ယခုအခါ ကိုဗစ်-၁၉ရောဂါသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန်မျိုးကွဲတစ်ခု အနေဖြင့် ပြန်လည်ကူးစက်ပျံ့နှံ့လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် ကူးစက်မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား အမျိုးသားရေးအသွင်ဖြင့် မှတ်ယူပြီး တိကျစွာ လိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)