ကျိန္တလီမြို့ သီရိမင်္ဂလာမဟာဝိဟာရကျောင်းတိုက်အတွင်း သီရိမင်္ဂလာဆုတောင်းပြည့် စေတီတော်အုတ်မြစ်ချမင်္ဂလာအခမ်းအနားကျင်းပ

ကျိန္တလီ    ဖေဖော်ဝါရီ    ၁၆

ကျိန္တလီမြို့ သီရိမင်္ဂလာမဟာဝိဟာရကျောင်းတိုက်အတွင်း သီရိမင်္ဂလာဆုတောင်းပြည့်စေတီတော် အုတ်မြစ်ချမင်္ဂလာအခမ်းအနားကျင်းပခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကျိန္တလီမြို့၊  အမှတ် (၃) ရပ်ကွက် သီရိမင်္ဂလာမဟာဝိဟာရကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျိန္တလီမြို့၊ အမှတ်(၃)ရပ်ကွက်၊ သတ္တမရောင်ရှိန်ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်က သဗ္ဗမင်္ဂလာဂါတော်ဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ရာ ကျိန္တလီမြို့၊ အမှတ်(၁) ရပ်ကွက် လယ်တီတောင်ပေါ်ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလဆောက်တည်နာယူကြပြီး ဆရာတော်၊ သံဃာတော် အရှင် သူမြတ် တို့က မေတ္တာသုတ်တရားတော်အား ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ထို့နောက် ဉာဏ်တော်အမြင့် ၃၈ပေ၊ လုံးပတ်အချင်း ပေ ၄၀ ဖြင့်တည် ထားကိုးကွယ်မည့် သီရိမင်္ဂလာ ဆုတောင်း ပြည့်စေတီတော်အား တည်ထားကိုးကွယ်နိုင်ရန် မတည်အလှူ ရှင်ကျောင်းဆရာမ (ငြိမ်း)ဒေါ်လှသိန်းမှ ကျပ်(၅၀၀)သိန်းအား မတည်လှူဒါန်းခဲ့ရာ စေတီတော်တည်ထား ကိုးကွယ်ရန် ဖြစ်တည်လာမှု နောက်ခံအကြောင်းအချက်များအား ဂေါပကဥက္ကဋ္ဌက ဆရာတော်သံဃာတော်များနှင့် အခမ်းအနားသို့ တရားနာရောက်ရှိလာကြသည့် ဧည့်ပရိတ်သတ်များအား ရှင်းလင်း ပြောကြားခဲ့ပြီး ဆရာတော် သံဃာတော်များမှ ရတနာအုတ်၊ ရွှေအုတ်နှင့် ငွေအုတ်တော်များအား အသီးသီးချကြပြီး အုတ်မြစ်ချ မင်္ဂလာအခမ်းအနားကိုကျင်းပခဲ့သည်။

ဆက်လက်၍ သီရိမင်္ဂလာဆုတောင်းပြည့် စေတီတော်အုတ်မြစ်ချ မင်္ဂလာအခမ်းအနားတွင် တရားနာရောက်ရှိလာသည့် ဧည့်ပရိတ်သတ်များက ဆရာတော်သံဃာတော်(၂၀)ပါးအား လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြရာ ကျိန္တလီမြို့၊ အမှတ်(၁)ရပ်ကွက် လယ်တီတောင်ပေါ်စာသင်တိုက် ဘုန်းတော် ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ထံမှ အနုမောဓနာတရားနာ ယူကာ ရေစက်သွန်းချအမျှ ပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိတိတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခိုင်မိုးမင်း(ပြန်/ဆက်)