ရန်ကုန် ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ်ဝန်ထမ်းများက ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ စည်ပင်သာယာ ဈေးများဖြစ်သော အင်းစိန်ဈေး၊ မြို့သစ်ဈေး၊ ကြို့ကုန်းဈေး၊ ဘိုကုန်းဈေး၊ နံ့သာကုန်းဈေး၊ ဆယ်မိုင်ဈေး၊ ဖော့ကန်ဈေး၊ လေဟာပြင်ဈေး၊ ဟီနိုးဂိတ် လေဟာပြင်ဈေး၊ ကြက်ဘဲဈေးနှင့် အောင်ဆန်းဈေးတို့တွင် ဈေးရောင်း ချသူများနှင့် ဈေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေ့စဉ်ဝန်ထမ်းများက အသံချဲ့စက်ဖြင့် ဈေးများအတွင်းသို့ လှည့်လည်ကာ နှိုးဆော်ရာတွင် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊ တစ်ဦး နှင့်တစ်ဦး ၆ ပေကွာ နေကြရန်နှင့် လက်ကိုစနစ်တကျ ဆေးကြောရန်စသည့် အသိပညာပေး သိကောင်းစရာများကို နှိုးဆော်လျက်ရှိပြီး မြို့နယ်အတွင်းရှိ ပုဂ္ဂလိက ဈေးများတွင်လည်း တာဝန်ရှိသူများက ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ အလားတူဈေးများ၏ ဈေးဝင်ပေါက်၊ ထွက်ပေါက်များတွင် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ဆေးဘေစင်များ ထားရှိပေးခြင်းနှင့် ဈေးအဝင်ဝတွင် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန်စသည့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်အကြောင်း သိကောင်းစရာများကို ဈေးတာဝန်ခံများနှင့် ဝန်ထမ်းများက အသိပညာပေး ဆောင်လျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများနှင့် ပရဟိတအသင်း/ အဖွဲ့များ ပူးပေါင်း၍ ရောဂါကာကွယ်ရေးလုပ်ငန်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို