မြစ်သားမြို့၌ လူငယ်နှင့် အားကစားဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

မြစ်သား ဖေဖော်ဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊  မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို  ယနေ့ နံနက် (၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ  ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြမြမွန်က ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ် ချက်များ ရှင်းလင်းပြောကြားပြီး၊  မြစ်သားမြို့အားကစားနှင့် ကာယပညာဦးစီးဌာနဦးစီးအရာရှိ ဦးကျော်ဟန်စိုးက လူငယ်နှင့် အားကစားဆိုင်ရာများ နှင့် ပတ်သတ်၍  လူငယ်များသည် နိုင်ငံ၏အလှသစ်ရတနာများ ဖြစ်ကြောင်း၊ နုနယ်ပျိုမျစ်၍ ကျန်းမာကြံ့ခိုင်သော လူငယ်သည် အစဉ်ကျန်းမာကြံ့ခိုင်အောင် ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှသာ နိုင်ငံတော်သစ်ကို တည်ဆောက်ယူနိုင်မည် ဖြစ်ကြောင်း၊ ကျန်းမာပျိုရွယ်သော လူငယ်သည် စာသင်ခန်း၊ စာဖတ်ခန်းထဲမှ သာအစဉ်ကိန်းကောင်း၍ မနေသင့်ကြောင်း၊  အချိန်အခါသတ်မှတ်၍ အားကစားလေ့ကျင့်ရာ၌ လည်းရှိသင့်ကြောင်း၊ အားကစားအမျိုးမျိုးရှိသည့် အနက်ရေကူးခြင်းဖြင့် ကိုယ်လက်ကြံ့ခိုင် ရုံသာမက မိမိအသက်ကိုလည်း ကာကွယ်နိုင်သလို သူတစ်ပါး အသက်ကိုလည်းကယ်တင်နိုင်ပြီး အသက်ကိုလည်း ရှည်စေကြောင်း၊ ကြက်တောင်၊ စာပွဲတင် တင်းနစ်ကစားနည်းများသည်လည်း တစ်ဦးတည်းယှဉ်ပြိုင်ရသကဲ့သို့ နှစ်ယောက်တွဲ ယှဉ်ပြိုင်မှုများရှိကြောင်း၊ တစ်ဖက် ပြိုင်ဖက်၏ လှုပ်ရှားမှုအနေအထားကိုကြည့်၍ မည်သို့တုံ့ပြန်ရမည်ကို တွေးရပြီး မိမိ၏တွဲဖက်နှင့်လည်း နားလည်မှုရှိရန် ကြိုးစားရကြောင်း၊ အပေးအယူညီညွတ် မျှတအောင် စွမ်းဆောင်နိုင်မှုသည် စိတ်စွမ်းရည်များ မြင့်မားလာစေမည်ဖြစ်ကြောင်းနှင့် မြန်မာလူငယ်များ၏ အလင်းဆောင်နိုင်ရေးအတွက် လူငယ်နှင့် အားကစားသည် ရေနှင့်ကြာပမာ အမြဲယှဉ်တွဲနေရန်လို အပ်ကြောင်း စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြမြမွန်(မြစ်သား)