အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး နှိုးဆော်

ရန်ကုန် ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေး နှိုးဆော်ခဲ့သည်။

ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ် စည်ပင်သာယာရေး ဝန်ထမ်းများက ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်လာပါက နှာခေါင်းစည်းတပ်ဆင်ပြီး ထွက်ခွာရန်၊ တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာမှ နေကြရန်၊ ပြင်ပဧည့်သည်များ လက်မခံရန်၊ မလိုလားအပ်ဘဲ ပြင်ပသို့ မထွက်ကြရန်၊ လက်ကို ဆပ်ပြာဖြင့် ဆေးကြောရန်၊ လေဝင်လေထွက် ကောင်းသောနေရာများတွင် နေထိုင်ရန်၊ ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံကြရန်၊ သတ်မှတ်ထားသော နေရာများတွင် စနစ်တကျ ထိုးနှံနိုင်ရေး ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်အကြောင်း သိကောင်းစရာများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန် စသည့် ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မော်တော်ယာဉ် လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကြက်ခြေနီအသင်း(အင်းစိန်)၊ ပရဟိတအသင်း/ အဖွဲ့များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို