သီပေါ ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာရှိ ရှေးဟောင်း သမိုင်းဝင်ဘော်ကြိုမုဌောစေတီတော်ကြီးတွင် ကိန်းဝပ်စမ္ပယ်လျက်ရှိသော လုံးတော်ပြည့် ဆင်းတုတော် ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်လှူ ပူဇော်ပွဲကို ယမန်နေ့နံနက် ၄ နာရီက ပြုလုပ်ရာ ဘော်ကြို ဘုရားကြီး ကျောင်းတိုက်မှ ဦးစီးနာယကဆရာတော် ဦးဒေဝိန္ဒအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ သီပေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်သည်တော်များက ဘုရားအနေကဇာတင်လှူ ပူဇော်ပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘူရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဦးစီးနာယက ဆရာတော် ဦးဒေဝိန္ဒက ဩဝါဒကထာမြွက်ကြားပြီးနောက် ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇျ္စာယ်တော်မူသော ပရိတ်တရားတော်များနာယူကြည်ညို ခဲ့ကြပြီးနောက် ပူဇော်ပွဲသို့ တက်ရောက်လာကြသူများက အလှုတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက ဗုဒ္ဓဘိသေက အနေကဇာတင်လှူ ပူဇော်ကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ပူဇော်ပွဲကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်ဆက်)