မိုးကောင်း ဖေဖော်ဝါရီ ၁၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ နောင်ကိုင်တော်ရပ်ကွက်၏ အကြိမ်(၂၀) မြောက်သံဃာ့ဒါနဆွမ်းဆန်စိမ်းရေစက်သွန်းချလောင်းလှူပူဇော်ပွဲကို ဖေဖော်ဝါရီ(၁၅)ရက်နေ့ ညနေ(၃)နာရီတွင် အဆိုပါရပ်ကွက်ရှိရွာနာမ်စေတီဓမ္မာရုံ၌ ကျင်းပခဲ့သည်။
မိုးကောင်းမြို့ပေါ်ရှိ ကျောင်းတိုက်(၂၃)ကျောင်းတွင် သီတင်းသုံးတော်မူကြသောသံဃာတော် (၃၉၄) ပါး၊ သီလရှင်ကျောင်း(၂)ကျောင်းတွင်ရှိသော သီလရှင်ဆရာလေး(၁၅၀)ပါးစုစုပေါင်းအလှူခံ ပုဂ္ဂိုလ် (၅၄၄)ပါးတို့အား လှူဖွယ်ဝတ္ထုနှင့်ဆွမ်းဆန်တော်ကို ရေစက်သွန်းချ လောင်းလှူပူဇော်ခြင်း ဖြစ်သည်။
ရေစက်ချအခမ်းအနားကို နောင်ကိုင်တော်၊ ရိပ်သာ၊ ရွှေပြည်နှင့် သီရိမင်္ဂလာ(ရှမ်းကျောင်း) ကျောင်းတိုက်တို့မှ ပင့်သံဃာတော်များအမှူးပြု၍ နောင်ကိုင်တော်ရပ်ကွက်နှင့်ရပ်နီးရပ်ဝေးတို့မှ အလှူရှင်ဒါယိကာ၊ ဒါယိကာမများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားကို နမောတသသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ရိပ်သာကျောင်းတိုက် မှဆရာတော် ဦးဇနကာစာရထံ ငါးပါးသီလခံယူတည်ဆောက်ပြီး ဆရာတော်ဘုရားမှ ရေစက်ချ တရား ချီးမြှင့်တော်မူခဲ့သည်။
ဆက်လက်၍ ဆရာတော်သံဃာတော်တို့အား နဝကမ္မပစ္စည်း ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
ဆွမ်းဆန်တော်လောင်းလှူရာတွင် ကျောင်းတိုက်ပေါင်း (၂၅)ကျောင်းအတွက် နဝကမ္မ အလှူတော် ငွေကျပ်သုံးသောင်းနှုန်းဖြင့် (၇၅၀၀၀၀/-)ကျပ်၊ ဆွမ်းဆန်တော် (၁၂၆)အိတ်အတွက် (၁၇၈၀၀၀၀/-)ကျပ်အပါအဝင် ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်အစရှိသည့် လှူဖွယ်ဝတ္ထုပစ္စည်းများ အလှူရှင်တို့၏ စုစုပေါင်းလှူဒါန်းငွေ ကျပ်သိန်း(၅၀)ကျော်ရှိကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)