မိုင်းပန် ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ဆားဝါးကျေးရွာအုပ်စု၊ ပိန်းလုံကျေးရွာတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း အဆင့်မှ အခြေခံပညာမူလတန်းကျောင်း (ခွဲ) အဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအား မူလွန် (ဆုပ်ဟွေ) နှင့် အ.မ.က (ခွဲ) ပိန်းလုံမှ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းသီဆိုကာ စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ထို့နောက် နမ့်မိုက်ခိုက် ဆရာတော်မှ ကျောင်းအဆင့် တိုးဆောင်ရွက်မှုများနှင့် ပတ်သက်၍ အဖွင့်ဩဝါဒ မိန့်ကြားခဲ့ပြီး နောက်လင်းခေးခရိုင် ပညာရေးမှူး (ကိုယ်စား) လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီး ဦးအောင်မြင့်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်တို့မှ အဖွင့်အမှာ စကားများ ပြောကြားခဲ့ကြကြောင်းသိရသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးဖုန်းမောင်မှ ကျောင်းဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရန် အမှာစကားများ ပြောကြားခဲ့ကြောင်းနှင့် ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲ အထိမ်းအမှတ်အလံများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိမှုနှင့် ပတ်သက်၍ ကျောင်းအကျိုးတော်ဆောင် ဦးလုံးလောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် မူလွန် (ဆုပ်ဟွေ)၊ အ.မ.က (ခွဲ) ပိန်းလုံမှ ကျောင်းသားကျောင်းသူများမှ အကပဒေသာများဖြင့် အခမ်းအနားသို့ ကြွရောက် လာသူများအား ကပြဖျော်ဖြေခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)