ကွမ်းလုံမြို့၌ မြို့နယ်သံဃနာယကအဖွဲ့ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်း သံဃာ့ဝန်ဆောင် အစည်းအဝေး ပြုလုပ်

ကွမ်းလုံ ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့၌ ယမန်နေ့နံနက် (၉) နာရီအချိန်က ဗဟိုသာသနာပြု ကျောင်းတိုက်တွင် မြို့နယ်သံဃနာယကအဖွဲ့ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်း အစည်းအဝေးအား ကျင်းပပြုလုပ်ရာ မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အစည်းဝေးအားစတင်ခဲ့ပြီး ရှမ်းပြည်နယ်သံဃနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တက္ကုဿရိယက အစည်းအဝေး အဖွင့် ဩဝါဒကထာ မြွတ်ကြားပေးခဲ့ကာ ကွမ်းလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုးက သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။

ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့တွင် အနားယူမည့်ဆရာတော်များ၏ စာရင်းအားကြေငြာခဲ့ပြီး အစားထိုးရွေးချယ်မည့် မြို့နယ်သံဃနာယက ဆရာတော်အား သက်ဆိုင်ရာနယ်မြေအလိုက် ဆရာတော်များက ဘွဲ့အမည်စာရင်းအား တင်သွင်းခဲ့ကြသည်။ ယင်းနောက် အစည်းအဝေး သဘာပတိဆရာတော် ဘဒ္ဒန္တက္ကုဿရိယက အစားထိုးရွေးချယ်ခံရသည့် မြို့နယ်သံဃနာယကဆရာတော်ဘွဲ့ အမည်စာရင်းကို မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးသို့ တင်သွင်းခဲ့ပြီး နိဂုံးချုပ်ဩဝါဒကထာ မြွတ်ကြားပေးခဲ့သည်။

ထို့နောက် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးအား ရုပ်သိမ်းခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ဆရာတော် သံဃာတော်များအား လှူဖွယ် ပစ္စည်းအစုစုတို့ကို လှူဒါန်းပေးခဲ့ကြောင်း သတင်းရသည်။

မြို့နယ်(ပြန်/ဆက်)