ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် နဝမအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကျင်းပ

မိတ္ထီလာ ဖေဖော်ဝါရီ ၁၅

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း နဝမအကြိမ် မြောက် ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ ညနေ ၅ နာရီအချိန်တွင် အဆိုပါ ကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

နဝမအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းရှိ သင်တန်းများ၊ ဌာနခွဲတို့မှ ပြိုင်ပွဲဝင်အသင်း ၁၇ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲမစမီ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများကို သတ်မှတ်ထားသည့် စည်းကမ်းချက် များအတိုင်း ပြင်ဆင်မှု ရှိ/မရှိ လိုက်လံစစ်ဆေးအားပေးခဲ့သည်။ ယင်းနောက် နဝမအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ခဲ့ရာ ၎င်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် သင်ကြားလေ့ကျင့်ရေး (ပစ္စည်း)ဌာနခွဲနှင့် နေ့စားများ အသင်း၊ ဒုတိယဆု ရရှိသည့် အခြေခံစာရေးကွန်ပျူတာ အထူးပြု သင်တန်းအမှတ်စဉ်(၅၀/၂၀၂၂)နှင့် လျှပ်စစ်အခြေခံသင်တန်း အမှတ်စဉ် (၃၃/၂၀၂၂) အသင်း၊ တတိယဆုရရှိသည့် စက်မှုလက်မှုနှင့် ရထားသင်တန်း ဌာနခွဲအသင်းနှင့် နှစ်သိမ့်ဆုတို့ကို ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့သည်။

အဆိုပါ နဝမအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကို ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူး များ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)