မင်္ဂလာတောင်ညွန့် ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၇ နာရီအချိန်က ဖို့မြေ ရပ်ကွက်ရှိ လမ်းများအတွင်းတွင် အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှုမခံရစေရေး၊ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား တိတိကျကျ ပြည်သူများ လိုက်နာကြရန်နှင့် ဧည့်သည်များ လက်ခံခြင်းမပြုကြရန်၊ နေအိမ်ပြင်ပသို့ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းကို ပြည်သူများအထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အိုမီခရွန် (Omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ ကာကွယ်ရေး နည်းလမ်းများကို ပြည်သူများ အားလုံး ဆက်လက်လိုက်နာ ဆောင်ရွက်ကြရန်တို့ကို မြို့ပေါ်ရပ်ကွက်အတွင်းနှင့် လူစည် ကားရာ နေရာများတွင် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)