ခေါဇာမြို့၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များအား   အသိပေးနှိုးဆော်

ခေါဇာ ဖေဖော်ဝါရီ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ခေါဇာမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့စက်နှင့် မွန်၊မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့သည်။

အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်းကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ ကူညီပံ့ပိုးမှုများအပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှုကောင်းမွန်ခြင်းတို့၏ ရလဒ်ပင်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက်ပျံ့နှံမှုသည် အနောက်နိုင်ငံများတွင် ပိုမို များပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံများဆီသို့ ရောက်ရှိလာပြီဖြစ်ရာ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါကို ကာကွယ်တားဆီးနိုင်ရေးအတွက် အထူးသတိပြုကြရမည်ဖြစ် ကြောင်း၊ မိဘပြည်သူများအနေနှင့် လူစုလူဝေးရှောင်ကြဉ်ခြင်း၊ နေအိမ်ပြင်ပသို့ ထွက်တိုင်းနှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများအနေဖြင့် ဆက်လက်လိုက်နာကျင့်သုံးသွားကြပါရန်နှင့် ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

ခေါဇာ (ပြန်/ဆက်)