မြစ်ကြီးနား ဖေဖော်ဝါရီ ၁၅
တပို့တွဲလတွင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံပွဲတော်တစ်ခုဖြစ်သည့် ထမနဲထိုးပြိုင်ပွဲများကို ရှေးအစဉ်အလာ မပျက် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးအရအဖွဲ့က ကြီးမှူးကျင်းပသည့် ပထမအကြိမ် ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်း ထမနဲထိုး ပြိုင်ပွဲကို ယမန်နေ့ ညနေ ၃နာရီက အဆိုပါ အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ပြုလုပ် ကျင်းပခဲ့သည်။
ထမနဲထိုးပြိုင်ပွဲတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထမနဲထိုးပြိုင်ပွဲသည် နှစ်စဉ်တပို့တွဲလတွင် ကျင်းပမြဲ ဖြစ်သည့် မြန်မာတို့၏ ရိုးရာပွဲတော်ဖြစ်ပါကြောင်း၊ ယနေ့ထမနဲထိုး ပြိုင်ပွဲကို ပါဝင်ကြမည့် ဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် စိတ်လက်ပေါ့ပါးစွာဖြင့် စည်းလုံးညီညွတ်မှု၊ ပျော်ရွှင်မှုကို ဖော်ထုတ်ပြသပြီး အကောင်းဆုံး ယှဉ်ပြိုင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားပြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်လေးနှင့် ဒိုင်ချုပ်ဖြစ်သည့် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းတို့က ပြိုင်ပွဲတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဒိုင်အဖွဲ့တို့က ထမနဲထိုးပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနပေါင်းစုံနှင့် ပြည်နယ်တရားလွှတ်တော်ရုံး၊ ပြည်နယ်ဥပဒေချုပ်ရုံး၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ပြိုင်ပွဲဝင်အသင်းများ၏သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ၏ တပျော်တပါး စုပေါင်း၍ ထမနဲ ထိုးယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ပြိုင်ပွဲဒိုင်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်ဥပဒေ ချုပ်တို့က နှစ်သိမ့်ဆုရ အသင်း(၃)သင်းအား လည်းကောင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဂုဏ်ပြုဆုရအသင်း (၃)သင်းနှင့် အထူးဆုရအသင်း (၃)သင်းအား လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီးတို့က ပြိုင်ပွဲတွင်ပထမ၊ ဒုတိယ၊ တတိယဆုရ အသင်း(၃)သင်းအား လည်းကောင်း ဂုဏ်ပြု ဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံးကြီး ဖျားနာ ကုသဆောင်၌ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ Grace Happy Land မိဘမဲ့လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကလေးငယ်များအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသပေးနေမှုအခြေနေတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကလေးငယ်များအတွက် ထောက်ပံ့ငွေများပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကျန်းမာရေး ဝန်ထမ်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်