နမ့်စန်တွင် မြို့မဈေးမီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်

နမ့်စန်    ဖေဖော်ဝါရီ   ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက် မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ မီးငြှိမ်းသတ်ခြင်းနှင့်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့် ခြင်းကို ယနေ့နံနက် ၁၁ နာရီက အဆိုပါ မြို့မစည်ပင်သာယာဈေးကြီးရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က မြို့မဈေးမီးဘေးကြိုတင် ကာကွယ်ရေးအတွက် ဈေးတွင်း/ပြင် သန့်ရှင်းသပ်ရပ်မှုရှိ စေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဗူးများနှင့် ရေလှောင်ကန်များတွင်ရေများ အဆင်သင့်ရှိစေရေး၊ မီးလောင်ကျွမ်းမှု အကြောင်းအရင်းများနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လိုက်နာဆောင်ရွက် ကြစေရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ဈေးကော်မတီ၊မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်မှုသရုပ်ပြခြင်း၊ ဈေးအတွင်းရှိ ရေကန်များမှတဆင့် အပေါ့စားမီးစက်ဖြင့် မီးငြှိမ်းသတ်မှုသရုပ်ပြခြင်း၊ မီးသတ်ကားဖြင့် မီးငြှိမ်းသတ်မှုသရုပ်ပြခြင်း၊ ထိခိုက်ဒဏ်ရာရရှိသော လူနာများကို ရှာဖွေကယ်ဆယ်မှု သရုပ်ပြ ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်စိုး၊ မြိုနယ်စည်ပင်သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ ဈေးရောင်း/ဈေးဝယ်နေသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)