ကျောက်ဆည် ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရေးနှင့် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးကူးစက်မှု မရှိစေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ယနေ့ မွန်းလွဲ(၁)နာရီက ပတ္တာကျေးရွာတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းက အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါပိုးသည် အခြားနိုင်ငံများတွင်အဖြစ်များ လျက်ရှိပြီး မိမိတို့ နိုင်ငံတွင်လည်း စတင်ကူးစက် ဖြစ်ပွားနေသဖြင့် ပြည်သူများအနေဖြင့် နေအိမ်တွင်သာ နေထိုင်ကြရန်၊ ပြင်ပမှလာသော ဧည့်သည်များကို လက်မခံရန်၊ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုယ်တွယ်ခြင်း၊ ထိတွေ့ခြင်းမပြုလုပ်ကြရန်၊ ရောဂါပိုးကူးစက် ခံနေရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို အမြန် ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရေးအပြင် ကာကွယ်ဆေးများကိုလည်း မပျက်မကွက် အကြိမ်ရေပြည့်မီစွာ ထိုးနှံကြပါရန်စသည့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)