မိုင်းဆတ်မြို့တွင်း လေယာဉ်ကွင်းပတ်လမ်း နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်

မိုင်းဆတ် ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မယ်ဆွမ်မြောက်ရပ်ကွက်၊ လေယာဉ်ကွင်း ပတ်လမ်း (AC)နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“မိုင်းဆတ်မြို့တွင်းမှာ အရင်ကခင်းထားတဲ့ ကတ္တရာကို အဆင့်မြှင့်ပြီး ပြန်ခင်းတာပါ၊ (AC)နိုင်လွန် ကတ္တရာခင်းပြီးသွားရင် လမ်းဘေး ပလက်ဖောင်းတွေကိုပါ ပြန်ပြီးပြုပြင်သွားဖို့ ရှိပါတယ်၊ အခုလို လမ်းအဆင့်မြှင့်ခင်းလိုက်တဲ့အတွက် ဒေသခံပြည်သူတွေနဲ့ မော်တော် ယာဉ်တွေလည်း အဆင်ပြေချောမွေ့ စွာသွားလာနိုင်မှာ ဖြစ်ပါတယ်၊ လမ်းခင်း နေစဉ်မှာတော့ လမ်းအသုံးပြုခွင့်ကို ခေတ္တပိတ်ထားပါတယ်ဟု မြို့နယ်လမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြင်မောင်စန်းကပြောသည်။

မိုင်းဆတ်မြို့တွင်း လေယာဉ်ကွင်းပတ်လမ်း (၁ ဒဿမ ၆ ကီလိုမီတာ မှ ၂ ဒဿမ ၃  ကီလိုမီတာ)အထိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘက်ဂျက် ပြည်နယ်ခွင့်ပြုရန်ပုံငွေ(၄၇၁ ဒဿမ ၅၇)ကျပ်သန်းဖြင့် လမ်းဦးစီးဌာနမှ တာဝန်ယူ၍ ဖေဖော်ဝါရီလ(၂)ရက်နေ့မှ စတင် ဆောင်ရွက် လျက်ရှိပြီး ဖေဖော်ဝါရီလ (၂၈)ရက်နေ့အထိ (AC) နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)