လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး လိုက်လံဟောပြော

လားရှိုး ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ရပ်ကွက်များအတွင်း လိုက်လံ ဆော်ဩခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဝန်ထမ်းများက အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂၁) အခြေခံပညာ မူလတန်းလွန်ကျောင်း၊ ကျောင်းခန်းတစ်ခန်းချင်းစီအလိုက် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ လိုက်နာရမည့် အချက်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လိုက်နာရမည့် အချက်များ၊ ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသော လက်ကမ်း စာစောင်ပါ အချက်များ စသည်တို့ကို ဟောပြောပေးခဲ့ပြီး လက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ကျန်ရှိသည့် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များ အတွင်းသို့ ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသံချဲ့စက်ဖြင့် ဆော်ဩခြင်းကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး