ထန်းတပင်မြို့ကျက်သရေဆောင် တဝရွှေဂူကြီး စေတီတော်မြတ် ရွှေထီးတော်၊ စိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကျင်းပ

ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြိုနယ် အမှတ်(၁) ရပ်ကွက်အတွင်းရှိ မြို့ကျက်သရေ ဆောင်တဝရွှေဂူကြီး စေတီတော်မြတ်ကြီး ရွှေထီးတော်၊ စိန်ဖူးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့၊ (တပို့တွဲလပြည့်နေ့) နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ကျိုက်ဝိုင်း အောင်ဗိမာန် ဆရာတော်ကြီးအမှူးပြု၍ သံဃာတော် အရှင်သူမြတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အလှူရှင်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားကို စတင်ခဲ့ကြပြီး အလှူရှင်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် လှူဖွယ်ပစ္စည်းများကို သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းလည်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်သုံကြိမ် လှည့်လည်ပင့်ဆောင်ပူဇော်ခဲ့ကြပြီး ပန်းရထားဖြင့် ရွှေထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ် နားတော်တို့အား စေတီတော်အထွတ်သို့ ပင့်ဆောင်၍ တင်လှူပူဇော်ခဲ့ကြကာ  တင်လှူ ပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် အလှူရှင်များမှ ရတနာ ရွှေမိုး၊ ငွေမိုးများရွာ သွန်းဖြိုးခဲ့ကြကြောင်းလည်း သိရသည်။

ထို့နောက် ကျိုက်ဝိုင်းအောင်ဗိမာန်ဆရာတော်ကြီး အမှူးပြု၍ သံဃာတော်အရှင်သူမြတ် များမှ  ဗုဒ္ဓဘိသေက အနေကဇာတင်၍ အလှူရှင်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါး သီလခံယူ ဆောက်တည်ခဲ့ကြပြီး အနုမောဒနာ ရေစက်ချတရားနာယူခဲ့ကြကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြ ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)