ကျောက်တော်မြို့၌ ဇီဝိတ ပရဟိတသွေးလှူရှင်များ အသင်းရုံးသစ်မြေသန့် ပန္နက်ရိုက် မင်္ဂလာအခမ်းအနား ကျင်းပ

ကျောက်တော်  ဖေဖော်ဝါရီ  ၁၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ မြို့သူ / မြို့သားများ စေတနာရှင်အလှူရှင်များမှ ထည့်ဝင်လှူဒါန်းငွေဖြင့် တည်ဆောက်မည့် ဇီဝိတ ပရဟိတသွေးလှူရှင်များ အသင်းရုံး  မြေသန့်ပန္နက်ရိုက် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် နာရီအချိန်က အဆိုပါရုံးသစ် ဆောက်လုပ်မည့် မြေနေရာ အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဇီဝိတ ပရဟိတသွေးလှူရှင်များအသင်း (ကျောက်တော်မြို့) အသင်းရုံးမြေနေရာအား မြေသန့်ပန္နက်ရိုက် မင်္ဂလာအခမ်းအနားကို နမောတဿသုံးကြိမ် သံပြိုင်ရွက်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက်  ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ  ဧည့်ပရိတ်သတ်များက ငါးပါး သီလခံယူ ဆောက်တည်ကြပြီးနောက် ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရာတော်အား ရွတ်ဖတ်သရဇ္ဇယ် ပူဇော်ကြသည်။ဆက်လက်၍ ကျောက်တော်မြို့၏ ဇီဝိတ ပရဟိတသွေးလှူရှင်များအသင်းရုံး မြေနေရာအားမြေသန့် ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပ ပြုလုပ်ရာ ကြွရောက် တော် မူလာကြသော ဆရာတော်အရှင်သူမြတ်များ၊ မြို့ပေါ်ရပ်ကွက်နေ စေတနာရှင်အလှူရှင်များမှ သတ်မှတ်ထားသောနေရာများတွင် နေရာယူကြပြီး ရွှေပန္နက်၊ ငွေပန္နက်များအား စိုက်ထူခဲ့ကြသည်။ ယခုအသစ်တည်ဆောက်မည့် ဇီဝိတပရဟိတသွေး လှူရှင်များအသင်းရုံးမှာ အလျား (၃၀) ပေ၊ အနံ (၂၄) ပေနှင့် အမြင့် (၂၁) ပေရှိ (RC) တစ်ထပ် သံကူကွန်ကရစ် အဆောက်အဦး အမျိုးအစားဖြစ်ပြီး အဆိုပါ အသင်းရုံးတည်ဆောက်ပြီးစီးပါက ကျောက်တော် မြို့နယ်အတွင်းရှိ အရေးပေါ် သွေးလိုအပ်သောလူနာများ၊ မြို့နယ်အဆင့် သွေးလိုအပ်သည့် လူနာများအား အချိန်မီ သွေးလှူဒါန်းနိုင်သည့် အသင်းကြီးတစ်သင်းပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြို့သူ/ မြို့သားများနှင့် စေတနာရှင်အလှူရှင်များထံမှ ထည့်ဝင်လှူဒါန်းငွေကျပ်သိန်း (၃၀၀) ကျော်ဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း အဆိုပါ သွေးလှူရှင်များ အသင်းရုံးဥက္ကဋ္ဌ ဦးအောင်သိန်းရွှေထံမှ သိရသည်။

ခင်မောင်ထွန်း