ရေးမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင်များ အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ရေး   ဖေဖော်ဝါရီ   ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင်များအနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်မျိုးအောင်ရပ်ကွက်၊ မရမ်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး၊ နိုင်ငံတော်သံဃမဟနာယက ဒုတိယဥက္ကဋ္ဌဆရာတော်၊ မွန်ပြည်နယ်သံဃနာယဥက္ကဋ္ဌ ဆရာတော်မှ ဩဝါဒကထာမြွက်ကြားခဲ့သည်။ အခမ်းအနားမှူးဆရာတော်မှ မြို့နယ်သံဃာ့နာယကအဖွဲ့အစည်း အဆင့်ဆင့်ရွေးချယ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦးက သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရွေးချယ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပတ်သက်၍ လျှောက်ထားတင်ပြခဲ့ပြီး၊ မြို့နယ်သံဃ နာယကအဖွဲ့အနားယူခြင်း၊ အစားထိုးခြင်းရွေးချယ်ပွဲကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ဆရာတော်ကြီး များမှ  အနားယူသွားသော ဆရာတော်ကြီးများနေရာတွင် သံဃာ့အဖွဲ့အစည်း အခြေခံစည်း မျဉ်းများနှင့်အညီ (၂၅%)အစားထိုး ရွေးချယ်၍ မြို့နယ်သံဃနာယကကိုယ်စားလှယ် (၃)ပါးနှင့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော် (၁)ပါးတို့ကို အသစ်ပြန်လည် ရွေးချယ်ဖွဲ့စည်းခဲ့ သည်။

မြို့နယ်သံဃနာယအဖွဲ့၏ အနားယူခြင်း၊ အစားထိုးပြန်လည်ရွေးချယ်ပွဲ အခမ်းအနားသို့ ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော် များမှ "ဗုဒ္ဓသာသနံစိရံတိဌတု" သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးပြီးဆုံးကြောင်းကြေညာခဲ့ပြီး၊ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့်ညဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

ခင်သိမ့်သိမ့်ရည်၊ (ပြန်/ဆက်)