သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ဟောပြောပွဲ အခြေခံပညာ အထက်တန်းကျောင်းများတွင်ပြုလုပ်

သံဖြူဇရပ် ဖေဖော်ဝါရီ ၁၅

အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအကြောင်း အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျိုက္ခမီ အ.ထ.က နှင့် နှစ်ကိုင်းကျေးရွာ အ.ထ.ကကျောင်းများတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုဆိုင်ရာ အချက် အလက်များ၊ ရောဂါဖြစ်ပွားမှု လက္ခဏာများ၊ တစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်နိုင်သည့် အခြေ အနေများ၊ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ကျန်းမာရေးဌာနမှ အသိပေးနေသည့် ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရမည့် ညွှန်ကြားချက်များနှင့် အညီ လိုက်နာကြရေးစသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာနှင့် နောက်ဆက်တွဲ ကူးစက်ဖြစ်ပွားနေသည့် အိုမီခရွန်ရောဂါအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် သံဖြူ ဇရပ် ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဦးစိုးမင်းက ကျိုက္ခမီအ.ထ.ကကျောင်းနှင့် နှစ်ကိုင်းကျေးရွာ အ.ထ.က ကျောင်းတို့တွင် ဟောပြောခဲ့ပြီး ကျောင်းတွင်အသုံးပြုရန်အတွက် ဆပ်ပြာဆီ၊ လက်သန့်ဆေး၊ Face Shield၊ Mask များ လှူဒါန်းပေးခဲ့သည်။

ကြက်ခြေနီတပ်ဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ဟောပြောပွဲ များကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ သံဖြူဇရပ် အ.ထ.က (၁)၊အ.ထ.က(၂)၊ကျိုက္ခမီ အ.ထ.က၊ နှစ်ကိုင်းကျေးရွာ အ.ထ.က၊ ပငကျေးရွာ အ.ထ.က၊ ကရုပ္ပိကျေးရွာ အ.ထ.ကကျောင်း (၆)ကျောင်းတွင် အသိပညာပေး ဟောပြောခြင်းနှင့် ဆပ်ပြာဆီ၊ လက်သန့်ဆေး၊ Face Shield ၊ Mask များ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမွန်(ပြန်ဆက်)