ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက်၌ အိမ်ထောင်စု(၁၂၂၂)စုအကျိုးပြုမည့် လမ်း(၄)လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်

ကျောက်ဆည် ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် အေးမြကြည်လင်ရပ်ကွက်၌ အိမ်ထောင်စု (၁၂၂၂)စု အကျိုးပြုမည့်  လမ်း(၄)လမ်းအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် လမ်းများမှာ အရှည်(၄၀၀)ပေ၊ အကျယ်(၁၈)ပေ၊ ထု(၉)လက်မရှိ အေးမြကြည်လင်ဈေးပတ်လမ်း၊ အရှည်(၄၉၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မရှိ အောင်မေတ္တာလမ်း၊ အရှည်(၃၀၀)ပေ၊ အကျယ်(၁၈)ပေ၊ ထု(၉)လက်မရှိ စည်သူလမ်းနှင့် အရှည်(၈၆၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မရှိ အမှတ်(၁၇)အခြေခံမူလတန်းကျောင်းလမ်း တို့ဖြစ်ပြီး စုစုပေါင်း ခွင့်ပြုရန် ပုံငွေကျပ်(၂၇.၇၉၆)သန်း အကုန်အကျခံကာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ် အရည်အသွေးနှင့် သတ်မှတ်ကာလ ပြီးစီးနိုင်ရေး တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းများ ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းကြောင့် အေးမြကြည်လင် ရပ်ကွက် အတွင်းမှ အိမ်ထောင်စု(၁၂၂၂)စု၊ လူဦးရေ(၅၆၄၇)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍစုံ ပိုမိုအဆင်ပြေတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)