မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါပိုးကြိုတင် ကာကွယ်ရေးဆိုင်ရာ အချက်များအား မွန် / မြန်မာ နှစ်ဘာသာဖြင့် အသိပေးလိုက်လံ နှိုးဆော်

မုဒုံ  ဖေဖော်ဝါရီ  ၁၅

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းက  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများအရောက် မွန် / မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်သည်။

အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေး အသင်းအဖွဲ့များ ကူညီပံ့ပိုးမှုများအပြင်  ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်း မျိုးကွဲသစ် ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံမှုသည် အနောက်နိုင်ငံများတွင် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံများဆီသို့ ရောက်ရှိလာပြီ ဖြစ်ရာ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါကို ကာကွယ်တားဆီး နိုင်ရေးအတွက် အထူးသတိပြုကြရမည်ဖြစ်ကြောင်း၊ မိဘပြည်သူများအနေနှင့် လူစုလူဝေး ရှောင်ကြဉ်ခြင်း၊ နေအိမ်ပြင်ပသို့ ထွက်တိုင်းနှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊  လက်ကိုစနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများအနေဖြင့် ဆက်လက်လိုက်နာကျင့်သုံး သွားကြပါရန်နှင့် ပူးပေါင်းပါဝင်ပေးကြပါရန်  တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)