ဟိုပုံး ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့မဈေးတွင် မတော်တဆ မီးလောင်မှု မရှိစေရေးအတွက် ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။
ထိုသို့ဇာတ်တိုက်လေ့ကြည့်ရာတွင် မြို့မဈေးအတွင်းရှိ ဈေးသူ/ဈေးသားများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ရာတွင် မီးသတ်ဆေးဘူး အသုံးပြုပုံ အဆင့်ဆင့်နှင့် မီးငြှိမ်းသတ်နည်းလမ်းများကို မြို့နယ်စည်ပင် သာယာရေး ဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်နှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မိုးနိုင် တို့က ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မိုးနိုင်နှင့် တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြှိမ်းသတ်နည်းများ သရုပ်ပြခြင်း ဈေးအတွင်းမီးဘေးအန္တရာယ် ကင်းရှင်း ရေးအတွက် စစ်ဆေးမှုများပြုလုပ်ခြင်း၊ မီးသတ်ဆေးဘူးကိုင်တွယ် အသုံးပြုပုံများအား လက်တွေ့ ရှင်းလင်းသရုပ်ပြခဲ့ကြသည်။ လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့များ၊ မြို့နယ် စည်ပင်သာယာ ရေးဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်နှင့် ဝန်ထမ်းများနှင့် ဈေးသူ/ဈေးသားများ တက်ရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)