တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများတွင် စျေးအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် အထူးအလေးထား ဆောင်ရွက်

ရန်ကုန်  ဖေဖော်ဝါရီ  ၁၅

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ၌ သန့်ရှင်းသပ်ရပ်မှုရှိစေရန်၊ လုံခြုံမှုရှိစေရန်နှင့် သတ်မှတ် စည်းကမ်းများ နှင့်အညီ ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်နိုင်စေရန်စသည့် စျေးအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ် မှုရှိစေရေးအတွက် ယနေ့ နံနက်ပိုင်း အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ စည်ပင်သာယာစျေး (၇) စျေးမှ စျေးတာဝန်ခံများနှင့် မြို့နယ်စည်ပင်သာယာ ရေးဌာနမှဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်း၊ စျေးအတွင်းရှိ ရေဝပ်နေသော ချိုင့်ခွက်နေရာများအား သဲအိတ်များဖြင့် မြေဖို့ပေးခြင်း၊ စျေးအတွင်းရှိ ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနှုတ်မြောင်းများအတွင်း ပိတ်ဆို့နေသောနှုန်းနှင့် အမှိုက်များကို ဖယ်ရှားရှင်းလင်းခြင်း၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ စျေးများအတွင်း ဘေးကင်းလုံခြုံမှုရှိစေရေး၊ သား/ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများ အပါအဝင် လူသုံးကုန်ပစ္စည်းများအား ကျန်းမာရေးနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ပေးနေမှုအပေါ် ဒဂုဏ်ညွန့်စျေးတွင် စျေးရောင်းချနေသူတစ်ဦးကလည်း " ယခုလို စျေးမှ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ စျေးကြီး အတွင်း သန့်ရှင်းသပ်ရပ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ပေးတာတို့၊ စျေးအတွင်း ရေစီးဆင်းမှုမရှိတဲ့ ရေမြောင်းတွေအတွင်းမှ  နှုန်းနှင့်အမှိုက် သရိုက်တွေ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးတာဟာ ကျွန်တော်တို့ စျေးသူ/စျေးသားများအတွက်သာမက စျေးသို့စျေးဝယ်လာရောက် ကြသူတွေ အတွက်လည်း များစွာအကျိုးရှိပါတယ်။ နောက်ပြီးဒီစျေးက တာမွေမြို့နယ်ရဲ့ အဓိကလူစည်ကားတဲ့ စျေးတစ်ခုဖြစ်သလို စျေးလာရောက်ဝယ်ယူသူ တွေအနေ နဲ့လည်း မိမိတို့လိုအပ်တဲ့ လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေကို တစ်နေရာထဲမှာ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်တဲ့ စျေးလည်းဖြစ်ပါတယ်။ ယခင်က ဒီစျေးမှာရှိတဲ့ ရေနှုတ်မြောင်းတွေဟာ ရေစီးဆင်းမှုမရှိခဲ့တဲ့အတွက် မိုးသည်းထန်စွာရွာသွန်းချိန်များတွင် စျေးဆိုင်ခန်းများအတွင်း မိုးရေများဝပ်နေတဲ့အတွက် ကျွန်တော်တို့ စျေးရောင်းချသူတွေအနေနဲ့လည်း အမြဲတမ်း ရေခပ်ထုတ်ရတဲ့ ပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။ယခုလို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ရေနှုတ်မြောင်းများ အတွင်းရှိနှုန်းနှင့် အမှိုက်တွေကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးတဲ့အတွက် ယခင်ကလို ဆိုင်ခန်းတွေအတွင်း ရေဝင်ရောက်သည့် ပြဿနာမှလည်း ကင်းဝေးသွားစေနိုင်မှာ ဖြစ်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ် ” ဟု ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် စည်ပင်သာယာစျေး (၇) စျေးရှိပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြို့နယ် အတွင်းရှိ စျေးများတွင် စျေးအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသလို မြို့နယ်အတွင်းရှိ စျေးများ၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်လည်း စဉ်ဆက်မပြတ် အသိပညာပေးနှိုးဆော် လျက်ရှိကြောင်း သတင်းရသည်။

နိုင်လင်းအောင်