ရသေ့တောင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ရှာဖွေကူညီကယ်ရေး ဇာတ်တိုက်လေ့ကျင့်

ရသေ့တောင် ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ သဘာဝဘေးအန္တရာယ်နှင့် အခြားဘေးအန္တရာယ်များ ကျရောက်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် အရေးပေါ်ရှာဖွေ ကူညီကယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ရသေ့တောင်မြို့အဝင် ချောင်းတွင် ပြုလုပ်သည်။

ထိုသို့ အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာတွင် ရသေ့တောင် မြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးအောင်ချမ်းသာ ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များက ဘေးအန္တရာယ်ကြောင့် ရေနစ်မြုပ်သွားသည့် ပြည်သူများအား ရှာဖွေကူညီ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်သည့် ကျေးရွာများမှ လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လာသည့်အခါ ကူညီဆောင်ရွက်ပေးနေမှု လုပ်ငန်းများကို လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။

ယင်းနောက် ရေယာဉ်များဖြင့် ပြည်သူများမှ ခရီးသွားလာရာတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ်ဆက်သွယ်ရမည့် တယ်လီဖုန်း နံပါတ်များအား အသိပညာပေး ပြောကြားခဲ့ပြီး  အသက်ကယ်အင်္ကျီ ဝတ်ဆင်ခြင်းနည်း စနစ်များကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့သည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေး ဇာတ်တိုက် လေ့ကျင့်သရုပ်ပြခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်စံထွန်း(ပြန်/ဆက်)