ကျောက်ဆည် ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ရွှေသရဖီ ခန်းမတွင် ယနေ့ နံနက်(၉)နာရီခွဲက ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်နှင့် အကျွမ်းတဝင် ရှိစေရန်အတွက် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ် စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အသိပညာပေး ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန်းက ကျောင်းသား/ ကျောင်းသူများအနေဖြင့် အသိပညာပေး ဟောပြောပွဲတွင် ပြောကြားခဲ့ကြသည့် အကြောင်းအရာများကို သေချာမှတ်သား အလေးထားကာ အလိမ္မာစာမှာရှိဆိုသည့်အတိုင်း စာအုပ်စာပေဖတ်ရှုခြင်းဖြင့် လိမ္မာ ယဉ်ကျေးသော ကျောင်းသား/ကျောင်းသူများဖြစ်အောင် နေထိုင်သွားကြစေလိုကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာအုပ်၊ စာပေများ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝစေပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရင့်သန်လာမှာဖြစ်ကြောင်း၊ စာအုပ်စာပေများ လေ့လာဖတ်ရှုရန် အတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံဦးစီးဌာန ပြည်သူ့စာကြည်တိုက်တွင် အခမဲ့ငှားရမ်း ဖတ်ရှုနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာအုပ်၊ စာပေများ ဖတ်လေ့လာသူများအနေဖြင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း ထို့အပြင် ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက် လာပြီး ယဉ်ကျေးသိမ်မွေ့သူများ ဖြစ်လာမည်မှာ မလွဲဧကန်ဖြစ်ကြောင်း အသီးသီးဟောပြောခဲ့ကြောင်း နှင့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဗီနိုင်းပိုစတာများနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)