ပျော်ဘွယ် ဖေဖော်ဝါရီ ၁၅
စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာသစ်စီမံကိန်းဖြင့် ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာတွင် တည်ဆောက်ခဲ့သော ဘက်စုံသုံးခန်းမဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက အဆိုပါကျေးရွာရှိခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်္ဂလာအချိန်တွင် ဘက်စုံသုံးခန်းမအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးတင့်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကော်မတီဝင် ဒေါ်ရီရီဝင်းက ရှင်းလင်းဆွေးနွေးပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထွေးက ကျေးဇူးတင် စကားပြောကြားသည်။
ဆက်လက်၍ ဘက်စုံသုံးခန်းမတည်ဆောက်ရာတွင် ပါဝင်လှူဒါန်းခဲ့သည့် အလှူရှင်များကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ဘက်စုံသုံးခန်းမအား အလျား(၇၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၂)ပေရှိ သံကူကွန်ကရစ် အဆောက် အဦးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာသစ်စီမံကိန်းခွင့်ပြုငွေ ကျပ်သိန်း(၂၀)၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျေးရွာသစ် စီမံကိန်းမှရရှိသည့် ဆုငွေကျပ်သိန်း(၁၀၀)၊ အလှူရှင်များ စုပေါင်းလှူဒါန်း ငွေကျပ်သိန်း(၃၃၀)၊ စုစုပေါင်းငွေကျပ် သိန်း(၄၅၀)ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)