မိတ္ထီလာ ဖေဖော်ဝါရီ ၁၅
မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၉နာရီ အချိန်က မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း သင်တန်းကို ဖွင့်လှစ်ကြောင်း သိရသည်။
မိတ္ထီလာခရိုင်အတွင်းမှာရှိတဲ့ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်၊ သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး၊ ဓါတ်ပုံကျွမ်းကျင်-၂၊ အကြီးတန်းစာရေး၊ စာထောက်-၃၊ အငယ်တန်းစာရေးဝန်ထမ်းတွေကို မိုဘိုင်းဖုန်းနဲ့ သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ် ပို့ချတာဖြစ်ပါတယ်။ ဌာနက ဆောင်ရွက် လျက်ရှိတဲ့ သတင်းလုပ်ငန်းများ၊ ဌာနရဲ့အွန်လိုင်းစာကြည့်တိုက်နဲ့ ဌာနရဲ့အွန်လိုင်းစာမျက်နှာတွေမှာ ပုံပြင်ပြောခြင်း အစီအစဉ် ၊ အသိပညာပေးဆွေးနွေးခြင်း လုပ်ငန်းများကို မိုဘိုင်းဖုန်းနဲ့ရိုက်ကူးတည်းဖြတ်တဲ့ကဏ္ဍတွေမှာ ဝန်ထမ်းတွေ ပိုမိုအဆင်ပြေလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ကြဖို့ရည်ရွယ်ပြီး သင်တန်းကို ဖွင့်လှစ်ပို့ချတာဖြစ်ပါတယ်ဟု ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးမင်းဇော်က ပြောသည်။
အဆိုပါ သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်းသင်တန်းအား တစ်ရက်တာဖွင့်လှစ်ပို့ချခြင်းဖြစ်သည်။ သင်တန်းသို့ ခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်မှ သင်တန်းသား ၁၆ ဦးတက်ရောက်ပြီး မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းပညာရပ်များကို ခရိုင်ပြန်/ဆက်ရုံးရှိဓါတ်ပုံကျွမ်းကျင်ဝန်ထမ်းများက သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
ချမ်းသာ