နောင်တရား ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရား ဒေသ၌ ရေသွင်းအာလူးစိုက်ပျိုးမှု ထက်ဝက်ကျော်လျော့ကျ သွားကြောင်း အာလူးစိုက်တောင်သူ တစ်ဦးက ပြောသည်။
“ဒီနှစ် နွေရာသီမှာစိုက်တဲ့ ရေသွင်းအာလူး စိုက်ပျိုးတဲ့တောင်သူတွေ အများကြီးလျော့ကျ သွားပါတယ်၊ ကျွန်တော်က အရင်နှစ်ဆို အချိန် (၃၀၀၀)ခန့် စိုက်ပါတယ် ဒီနှစ်တော့ အချိန်(၁၀၀၀)ခန့် လောက်ဘဲ စိုက်နိုင်တယ်၊ မြေဩဇာဈေး၊ ဒီဇယ်ဈေးတွေ အရမ်းတက်မယ်လို့ ခန့်မှန်းထားကြ လို့ပါ ပြီးတော့ အာလူးရောင်းချိန်ဆိုရင် မိုးကြိုအာလူးလို တစ်ပိဿာ (၂၀၀၀)ကျပ် ဝန်းကျင်ရမှာ မဟုတ်ဘူးလို့ အများစုက ခန့်မှန်းကြလို့ပါ မျိုးအာလူးကဈေးကြီးပြီး ရှားတာလဲပါတာပေါ့၊ မျိုးကို တစ်ပိဿာ (၁၅၀၀)ကျပ်နဲ့ ဝယ်စိုက်ထားရပါတယ် ယခင်နှစ်ကဆို တစ်ပိဿာ (၇၀၀)ကျပ်ခန့် ဘဲရှိပါတယ်၊ ရေးသွင်းအာလူးကို ချောင်းရေ၊ မြေအောက်ရေတွေနဲ့ စိုက်ကြပါ တယ်” ဟု သာယာအုန်းကျေးရွာမှ အာလူးစိုက်တောင်သူတစ်ဦးက ပြောသည်။ နောင်တရား ဒေသအတွင်း ထွက်ရှိသည့် အာလူးများကို အောင်ပန်းကုန်စည်ဒိုင်နှင့် ရန်ကုန်မြို့ဘုရင့်နောင် ကုန်စည်ဒိုင်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ယခုနှစ်အတွင်း နောင်တရားဒေသ၌ အာလူးစိုက် တောင်သူများ ထက်ဝက်ကျော်ခန့် လျော့ကျသွားကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)