အမ်းမြို့နယ်တွင် စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး ခေါင်းစဉ်ဖြင့် ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပ

အမ်း ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာနခန်းမ၌  မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး ခေါင်းစဉ်ဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်က  စာဖတ်ဝိုင်း ကျင်းပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်တင်ဇာဦးက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်တွင် ပါရှိသည့် စာကြည့်တိုက်အဓိပ္ပာယ်ဆိုသည်မှာ စာအုပ်၊ အဆောက်အဦ၊ စီမံခန့်ခွဲမှစနစ်ဟူသော အဂါရပ်များ ပြည့်စုံ၍ စာဖတ်ပရိသတ်အတွက် အဆင်ပြေချောမွေ့စွာ စာပေဖတ်ရှုလေ့လာနိုင်သည့် နေရာ၊ ဌာနကိုခေါ်ဆိုကြောင်း၊ စာကြည့်တိုက်တွင် စုဆောင်းထားရှိသော စာအုပ်နှင့် အခြားစာပေပစ္စည်းများကို စာဖတ်သူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန်စနစ်တကျ စီစဉ်ထားရှိသော နေရာဖြစ်ပြီး လူမှုအဖွဲ့အစည်း အမျိုးမျိုးသို့ သတင်းအချက်အလက်များ ဖြန့်ဖြူးပေးရာ ဌာနဖြစ်ကြောင်း၊ စာအုပ် များမရှိလျှင် စာကြည့်တိုက်မမည်နိုင်၊ စာအုပ်များကိုလုံခြုံသေသပ်ကျနစွာထားရန်၊ စာကြည့်တိုက်မှူးသည် ရှာဖွေစုဆောင်းထားသော စာပေပစ္စည်းများကို ထိန်းသိန်းစောင့်ရှောက် ရုံသာမက စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရပြီး စာကြည့်တိုက်အသုံးပြုသူတို့ သိလို၊ မှတ်လိုသော အကြောင်းအရာ အချက်အလက်များကို ကူညီရှာဖွေပေးသူ၊ ညွန်ကြားပြသပေးနိုင်သူ၊ ပညာဗဟုသုတဖြန့်ဝေပေးသူဖြစ်ကြောင်း၊ စာကြည့်တိုက်၏ ရည်ရွယ်ချက်ကို ထိရောက်အောင်မြင်စေမည့် စာကြည့်တိုက်လုပ်ငန်း တာဝန်များကို စနစ်တကျ ပီပြင်စွာ သတ်မှတ်ပြဌန်းရေးဆွဲထားသည့် စီမံမှုစနစ်ရှိမှသာ ရေရှည်တည်တံ့ခိုင်မြဲ၍ အောင်မြင်သည့် စာကြည့်တိုက် တစ်ခု ဖြစ်လာမည်ဖြစ် ကြောင်း ဆွေနွေးပြောကြားခဲ့သည်။

ဒေါ်ခင်မျိုးတင်(စာထောက်-၃)က စာကြည့်တိုက်ပညာနှင့်ပတ်သက်သည့်လုပ်ငန်းများနှင့် ဆက်စပ်သမျှသော ဘာသာရပ်များကို စာကြည့်တိုက်ပညာဟု ခေါ်ဆိုကြောင်း၊ စာကြည့်တိုက်မှူးသည် ပညာရှာသူတိုဝိုင်းကူ ဆောင်ပုဒ်နှင့်အညီ ရာနှုန်းပြည့်ကူညီနိုင်စေရန် စာပေဗဟုသုတအပြင် စာကြည့်တိုက်လုပ်ငန်းပညာလည်း တတ်မြောက်ရန် လိုအပ်ပါကြောင်း၊ စာကြည့်တိုက်တည်ထောင် ဖွဲ့စည်းရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများ စာကြည့်တိုက်ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းများဖြစ်သည့် စာအုပ်ဝယ် ယူစုဆောင်းခြင်း၊ တိုက်ပိုင်စာရင်းသွင်းခြင်း၊ မျိုးတူစုပြုခြင်း၊ ကတ်တလောက်တင်ခြင်း၊ စာပြုလုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်ခြင်းနှင့် ပြည်သူအကျိုးပြု လုပ်ငန်းများဖြစ်သည့် စာငှားလုပ်ငန်း၊ စာဖတ်ခန်းလုပ်ငန်း၊ ကလေးစာကြည့်တိုက်လုပ်ငန်း၊ ရည်ညွှန်း လုပ်ငန်းစသည့် စာကြည့်တိုက် လုပ်ငန်းဆိုင်ရာ ပညာရပ်များကို ကျွမ်းကျင်တတ်မြောက်ကာ စာဖတ်သူများအတွက် ဝန်ဆောင်မှုအကောင်းဆုံးနှင့် အများဆုံးပေးနိုင်ရန် လိုအပ်ပါကြောင်း ဆွေနွေးပြောကြားခဲ့သည်။

ဒေါ်ဒီမွန်ကျော်(ရုပ်သံ-၃)က စာကြည့်တိုက် လုပ်ငန်းစီမံခန့်ခွဲရေးနှင့် ပတ်သက်၍ ကဏ္ဍ(၇)ရပ် ခွဲခြားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စာအုပ်များ စုဆောင်းခြင်း လုပ်ငန်းတွင် စုဆောင်းဖြည့်တင်း ရရှိမှု နည်းလမ်း(၄)သွယ်ရှိပါကြောင်း၊ အမျိုးအစားခွဲခြားထားသမျှ ရေးသွင်းထားရမည့် မှတ်ပုံတင် စာအုပ်(၂၁)မျိုးရှိရပါမည်ဖြစ်ကြောင်း၊ တိုက်ပိုင်စာရင်းသည် စာကြည့်တိုက်၏ ပစ္စည်းစာရင်း သဘောဖြစ်ကြောင်း၊ ရသစာပေတွင် အပျော်ဖတ်ဝတ္တုများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ ရုပ်ပြ ကာတွန်းများပါဝင်ကြောင်း၊ ဗဟုသုတရရှိစေသော စာအုပ်များသည် သုတစာပေတွင် ပါဝင်ပါ ကြောင်း ဆွေနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စာကြည့်တိုက်၏ ရည်ရွယ်ချက်ကို ထိရောက်အောင်မြင်စေမည့် စာကြည့်တိုက် လုပ်ငန်းတာဝန်များကို စနစ်တကျ လုပ်ဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ခိုင်မြဲ၍ အောင်မြင်သည့် စာကြည့်တိုက်တစ်ခု ဖြစ်လာစေရန်၊ ပြည်သူအကျိုးပြု လုပ်ငန်းများဖြစ်သည့် စာဖတ်သူများအတွက် ဝန်ဆောင်မှုအကောင်းဆုံး ပေးနိုင်ရန် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုးမင်းထွန်း