ကျောက်ဆည် ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် တောင်သူများအနေဖြင့် ဆောင်းရာသီတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဥယျာဉ်ကျေးရွာတွင် ခရမ်းစိုက် စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချ ရသောကြောင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိ ရသည်။
ခရမ်းပင်သည် ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် (၅) ပေခြားစိုက်ပျိုးကာ အစိုဓာတ်မပြတ်ရေသွင်းပေးပြီး အပင်ငယ်ချိန်တွင် မြေဆွပေး၍ တစ်လတစ်ခါ အပင်အခြေများတွင် အာမိုနဲ့ပုလဲမြေဩဇာ သင့်တင့်ရုံကျွေးပေးရပြီး လိုအပ်တဲ့အခါ အပင်အားတိုးဆေးနဲ့ ပိုးသတ်ဆေးများလည်း ဖျန်းပေးရကြောင်း၊ ခူးဆွတ်ရောင်းတဲ့အခါ ရက်ခြားခူးပြီး ရောင်း၍ရသလို နေ့စဉ်ခူးဆွတ်၍လည်း ရောင်းချလို့ရကြောင်း၊ ရောင်းဈေးအ နေဖြင့် တစ်ပိဿာငွေကျပ် (၃၀၀) မှ (၅၅၀) ကျပ်အထိ ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ခရမ်းအပင် (၅၀၀) စိုက်ပျိုးထား သည့် ဦးစိုးမင်းက ပြောပြသည်။
ခရမ်းစိုက်ပျိုးခြင်းနှင့် ပတ်သတ်၍ "စိုက်ပျိုးတဲ့အခါမှာ အပင်အသေအပျောက်မရှိအောင်လို့ ခရမ်းမျိုးစေ့တွေကို အရင်ပျိုးထောင်ပြီးမှ သန်မာတဲ့အပင်တွေရွေးပြီး စိုက်ပျိုးတာပါ။ ပျိုးထောင်တဲ့အခါမှာ ကိုယ်စိုက်မယ့်ခရမ်းမျိုးကိုတော့ မျိုးမမှားဖို့တော့လိုတာပေါ့ ကျွန်တော်စိုက်ထားတဲ့ ခရမ်းမျိုးကတော့ အတို့အမြှပ်အဖြစ် စားရတဲ့ ခရမ်းအပြာမျိုး (အသီးအသေး) ဖြစ်ပါတယ်။ ပျိုးသက် (၁) လသားအရွယ်မှာ မြေပြင်ထားတဲ့ အခင်းထဲကို ပြောင်းရွေ့စိုက်ပျိုးပါတယ်။ တစ်ချို့ခရမ်းစိုက် တဲ့ သူတွေကတော့ ခရမ်းပျိုးထောင်ချိန်မှာ မြေပြင်ထားတဲ့အခင်းမှာ ချဉ်ပေါင်းကျဲပြီး စိုက်ပျိုးပါတယ် နှစ်သီးစားပေါ့။ ခရမ်းပြောင်းရွေ့စိုက်ပြီး ပထမ ပေါင်းရှင်း၊ မြေဆွချိန်မှာ ချဉ်ပေါင်ပင်များ အပြီးရိတ်ပြီးရောင်းချမှသာ ခရမ်းကို ပြုပြင်လို့ရမှာဖြစ်ကြောင်း" တောင်သူဦးကြည်စိုးက ပြောပြသည်။
သက်မောင်(ကျောက်ဆည်)