နောင်ချို ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အ.မ.က ပင်စုံ ကောင်းမတီး ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့ (၀၉:၀၀)နာရီ အချိန်က အဆိုပါ ကျောင်းဆောင်သစ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နောင်ချိုမြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးခိုင်၊ ဘိလပ်မြေ စက်ရုံမှ တာဝန်ရှိသူ ဦးဝင်းအောင် ကြူအင်းစခန်းမှ ဦးစီးအရာရှိ ဦးသိန်းဝင်း နှင့်တာဝန်ရှိသူတို့က အဆောက်အဦးသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ် ခဲ့ကြသည်။
ဖွင့်ပွဲတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့သော ၉၀ ပေ၊ ၃၀ ပေ ကျောင်းဆောင်သစ်နှင့် ဘိလပ်မြေ စက်ရုံမှ လှူဒါန်းဆောက်လုပ်ခဲ့သော ၃၀ ပေ၊ ၃၀ ပေ KG ကျောင်းဆောင်သစ်တို့အား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်း၊ ဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူးမှ ကျောင်းဆောင်သစ်ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခြင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အားကစားပြိုင်ပွဲဆုရရှိသူများအား ဆုများ ချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် ပင်စုံကောင်းမတီး အ.မ.က တွင် KG မှ Grade -4 ထိ ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးရှိပြီး လက်ထောက်မူပြ(၁)ဦးနှင့် မူလတန်းကျောင်းအုပ်ဆရာမကြီးတို့၏ စွမ်းဆောင်ရည်၊ ရပ်ရွာပြည် သူများ၏ ပူးပေါင်းပါဝင် အားပေးမှု များကြောင့် ကျောင်းဆောင်သစ်ဖွင့်ပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထွေးငယ်၊ ပြန်/ဆက်