တံတားဦး ဖေဖော်ဝါ ၁၅
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အများပြည်သူများ နေ့စဉ်စားသုံးသည့် သီးနှံများအနက် ဆောင်းရာသီ၌ စိုက်ပျိုးသော သီးနှံပင်များဖြစ်သည့် အိမ်ရှင်မများ ချက်ပြုတ်ကြသော မုန်ညှင်းပင်၊ ငရုတ်၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ခရမ်းပင်နှင့် ကန်စွန်းရွက် ပင်များကို တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာရှိ တောင်သူများက စီးပွားဖြစ် စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်း၍ အထွက်ကောင်းပြီး ဈေးကောင်း ရရှိသဖြင့် မိသားစု အပိုဝင်ငွေများ ရရှိကြောင်း သိရသည်။
အဆိုပါဟင်းစားပင်များကို ကျေးရွာတောင်သူများက အများအပြားစိုက်ပျိုးကြကြောင်း၊ ဟင်းစားပင် များစိုက်ပျိုးရာတွင် မြေဆီမြေဩဇာ ကြွယ်ဝစေရန် နွားချေးနှင့်မြေဆွေးများ ထည့်မွှေပေးရကြောင်းနှင့် အအေးကြိုက်သော သီးနှံအမျိုးအစားဖြစ်၍ ဆောင်းရာသီတွင် ပိုမိုစိုက်ပျိုးကြပြီး အောင်မြင်ဖြစ်ထွန်းကြောင်း ဟင်းစားပင်များစိုက်ပျိုးသည့် တောင်သူ ဦးနေဇော်အောင်၏ ပြောကြားချက်အရသိရသည်။
သီးနှံပင်များစိုက်ပျိုးရာတွင် တစ်ပင်နှင်တစ်ပင် တစ်ပေခြားစိုက်ပျိုးရကြောင်း၊ ဆောင်းရာသီအစ နိုဝင်ဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးခဲ့ပြီး ယခုအခါ ခူးခွတ်ရောင်းချ နိုင်ပြီဖြစ်ကြောင်း၊ ဟင်းစားပင်များကို အပင်လိုက်နုတ်၍ရောင်းချခြင်း၊ ပန်းမုန်လာများကို ခုတ်၍ရောင်းချခြင်း၊ ဂေါ်ဖီတစ်ထုပ်လျှင်ငွေကျပ်(၅၀၀)ကျပ်၊ ပန်းမုန်လာ တစ်ပွင့်လျှင် (၈၀၀)ကျပ်၊ ကိုက်လန်တစ်စည်းလျှင် (၇၀၀)ကျပ်၊ မုန့်ညှင်းတစ်စည်းလျှင် (၅၀၀)ကျပ် ရောင်းချရပြီး စီးပွားဖြစ်စိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ရဲတင့်