ရန်ကုန် ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့် ပွားမှုကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်း အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ် ကျိုက္ကဆံလမ်းမကြီးပေါ်ရှိ အလုပ်သမားဆေးရုံကြီး(ရန်ကုန်)၌ မြို့နယ်အတွင်း တာဝန် ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအား ရုရှားသမ္မတနိုင်ငံမှ လှူဒါန်းထားသော Spuntnik Light အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ စတင်ထပ်ဆောင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန် မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြနီအသင်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းဝင်များနှင့် ရပ်မိရပ်ဖ များက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
“ကိုဗစ်-၁၉ရောဂါဟာ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ဆိုပြီး ကူးစက်မှု ပြန်လည်ဖြစ်ပေါ်လာတဲ့ အခုလို အချိန်မှာ တာဝန်ရှိသူတွေအနေနဲ့ ကျွန်မတို့ပြည်သူတွေကို ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးတဲ့ အပေါ် ကျေးဇူးအထူးတင်ရှိပါတယ်။ အခုလို ထပ်ဆောင်းကာကွယ်ဆေး ထိုးထားခြင်းအားဖြင့် ရောဂါ ကူးစက်နိုင်ခြေက ရာခိုင်နှုန်း နည်းတဲ့အတွက် လာရောက်ထိုးနှံဖြစ်တာပါ။ နောက်တစ်ခုက ကိုယ်က ဆေးထိုးထားတယ်ဆိုပြီး ပေါ့ဆစွာမနေဖို့ပါ။ အရင်လို အိမ်အပြင်ထွက်တိုင်း ပါးစပ်/ နှာခေါင်းစည်းတပ်ပါ၊အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်းနှင့် အိမ်အပြင်မှ ပြန်လာပြီးတိုင်း လက်ကို လက်သန့်ဆေးရည်(သို့) လက်ဆေးဆပ်ပြာရည်နှင့် စနစ်တကျ ဆေးကြောကြပါ။ နေ့စဉ် မိမိတို့ရဲ့ လူနေမှုဘဝမှာ ကျန်မာရေးနှင့် အညီ နေထိုင်သွားလာစားသောက်ကြပါလို့ တိုက်တွန်းချင်ပါတယ် ” ဟု မဇွန်ဖြူက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများကို ၂၀၂၁-ခုနှစ် ဩဂုတ်လ (၂)ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိပြီး ယနေ့အထိ တာမွေမြို့ နယ်အတွင်းရှိ ပြည်သူ (၇၆၃၀၆)ဦးကို (ပထမအကြိမ်)အဖြစ် ထိုးနှံပေးနိုင်ခဲ့ပြီး အကြိမ်ပြည့် ထိုးနှံပြီးစီး သူ(၆၉၇၆၉)ဦး အထိရှိရာ ယခုအခါ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ ဝန်ထမ်း များနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ စုစုပေါင်း လူဦးရေ(၃၀၀)အား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)