မိုင်းယန်း ဖေဖော်ဝါရီ ၁၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ လောက်ကျန့်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများကို ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်လင်းထွန်းနှင့် တာဝန်ရှိသူများသည် လောက်ကျန့်ကျေးရွာ၌ အရှည် ၄၈၀ ပေ၊ အကျယ် ၈ ပေ၊ ထု ၆ လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရှိရပ်မိရပ်ဖများ၊ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှု ကော်မတီများနှင့် တွေ့ဆုံကာ လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီအချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များကို မြို့နယ်ဦးစီးမှူးက ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြစိမ်းရောင်စီမံကိန်းအတိုးရငွေ ၈ ဒဿမ ၃၆ သန်းဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး လုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက လောက်ကျန့်ကျေးရွာရှိ အိမ်ခြေ ၇၂ အိမ်၊ လူဦးရေ ၆၃၅ ဦးအတွက် ရာသီမရွေးသွားလာနိုင်မည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)