ရပ်စောက်၌ ဗထူးတပ်နယ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ရပ်စောက်   ဖေဖော်ဝါရီ   ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ဗထူးတပ်နယ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဗထူးတပ်မြို့၊ မင်းကြီး(၃)ပါး ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ်လှမိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်မှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဆုပေးပွဲကိုဆက်လက်ကျင်းပပြုလုပ်ရာ ဆုရရှိသည့်အသင်းများအား ဗထူးတပ်နယ်မှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် အဆိုပါပြိုင်ပွဲကို ဗထူးတပ်နယ်မှ ပြိုင်ပွဲဝင်အသင်း (၁၀)သင်း၊ မြို့နယ်ဌာနဆိုင်ရာမှ ပြိုင်ပွဲဝင် (၉)သင်းနှင့် ရပ်ကွက်(၇)ရပ်ကွက်မှ ပြိုင်ပွဲဝင်(၂)သင်း စုစုပေါင်းပြိုင်ပွဲဝင်အသင်း (၂၁)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

ရဲထက်ဦး(ပြန်/ဆက်)