မော်လမြိုင် ဖေဖော်ဝါရီ ၁၅
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒသမအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မော်လမြိုင်မြို့၊ ဘိုကုန်း ရပ်၊ မွန်ပြည်နယ်လွှတ်တော်ရုံး တောင်ဘက်ကွင်းနေရာတွင် ကျင်းပခဲ့ရာ ပြည်နယ်အတွင်း ဌာနပေါင်းစုံမှ ပြိုင်ပွဲဝင် အသင်း(၄၇)သင်း၊ မော်လမြိုင်တပ်နယ်အသင်းနှင့် အ.ထ.က (ရွှေနတ်တောင်) အသင်း စုစုပေါင်း(၄၉)သင်းတို့က သတ်မှတ်အကွက် နေရာများအလိုက် ပါဝင်ယှဉ်ပြိုင်ကြသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ယနေ့ကျင်းပသည့် မြန်မာ့ ရိုးရာ ထမနဲထိုးပြိုင်ပွဲသည် ဒသမအကြိမ်မြောက် ရှိပြီးဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ကြမည့် အသင်းသားများအနေဖြင့် ဆုရရှိခြင်းကို ပဓာနထား ယှဉ်ပြိုင်ခြင်းမျိုး မဟုတ်ဘဲ မြန်မာ့ရိုးရာ အစဉ်အလာကို ထိန်းသိမ်းသည့် ရိုးရာထမနဲထိုးပွဲကို ပျော်ရွှင်စွာ ပြိုင်ပွဲဝင်လိုစိတ်၊ အချင်းချင်း စုစည်းညီညွတ်မှုအားဖြင့် ပူးပေါင်းလုပ်ဆောင်တတ်သည့် ကောင်းမွန် သော စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်သည်ကို တွေ့ရ၍ မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ပြိုင်ပွဲမှ ရရှိသည့် အင်အားသည်တစ်ဦးချင်း၊ အသင်းအလိုက် စည်းလုံးညီညွတ်မှုနှင့် ရိုင်းပင်းကူညီ တတ်သည့် ပြယုဒ်ပင်ဖြစ်ကြောင်းနှင့် စည်းလုံးခြင်းသည်အင်အား တစ်ရပ်ဖြစ်သည့်အတွက် တက်ညီ လက်ညီ ကြိုးစားယှဉ်ပြိုင်စေလိုကြောင်း တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြိုင်ပွဲဝင်အသင်းများ၏ ပျော်ရွှင်စွာဖြင့် တပျော်တပါး ယှဉ်ပြိုင်နေမှုတို့ကို ရင်းရင်းနှီးနှီး ကြည့်ရှုအားပေးခဲ့ပြီးနောက် ဆုချီးမြှင့်ပွဲကို ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်း (၄၄)သင်းတို့အား ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများက အထူးဆုရရှိသည့် အသင်းများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမဆုရရှိသည့် အသင်းများကိုလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။
မွန်ပြည်နယ်တွင် အဆိုပါပြိုင်ပွဲ နှစ်စဉ်ကျင်းပခြင်းသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ရှေးအစဉ်အလာမပျက် ရိုးရာထမနဲထိုးပြိုင်ပွဲကို ကောက်ဦးပေါ်စ တပို့တွဲလရာသီတွင် ပုံမှန် ဆောင်ရွက်ခြင်းဖြစ်ပြီး ထို့အတူ ရပ်ကွက်/ကျေးရွာများအလိုက် ထမနဲထိုးပြိုင်ပွဲများ ပျော်ရွှင်စွာ ကျင်းပပြုလုပ်ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)