နမ့်စန်(တ) ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် တပို့တွဲလ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ညနေ ၂ နာရီခွဲက မြို့နယ်ခန်းမဝန်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက ထမနဲထိုးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ထမနဲထိုးပြိုင်ပွဲကိုစတင်ကျင်းပခဲ့ပြီး နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ပြည်သူများက အဖွဲ့များအလိုက်သတ်မှတ်နေရာများတွင် ထမနဲထိုးယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပထမဆုရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဖွဲ့ကို နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင်က ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ဒုတိယဆုရရှိသော ဌာနဆိုင်ရာစုပေါင်းအဖွဲ့-၅ (ပညာရေး၊ မီးသတ်၊ ဆက်သွယ်ရေး၊ စီးဘဏ်၊ အခွန်၊ အား/ကာ၊ တိုင်းရင်းဆေး) ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ တတိယဆုရရှိသော အမှတ်(၁) ရပ်ကွက်အဖွဲ့ကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာဝင်းက ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်စိုးနှင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက နှစ်သိမ့်ဆုရရှိသောအဖွဲ့များကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါပထမအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့ပေါ်ရပ်ကွက် (၅)ခုတို့မှ ပြိုင်ပွဲဝင်အသင်း ၇ သင်းနှင့် ဌာနဆိုင်ရာ စုပေါင်းအသင်း ၅ သင်း ၊ စုစုပေါင်း (၁၂)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)