ပျဉ်းမနား ဖေဖော်ဝါရီ ၁၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ လိုက်နာရမည့် အချက်များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်၍ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့သည့် နိုင်ငံအရေအတွက်မှာ ရက်ပိုင်းအတွင်း ပိုမိုများပြားလာပြီး မိမိတို့နိုင်ငံတွင်လည်း တွေ့ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ကာကွယ်တားဆီးနိုင်ရေးအတွက် သတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာမဟုတ်ပါကြောင်း၊ မိဘပြည်သူများအနေနှင့် လူစုလူဝေးရှောင်ကြဉ်ခြင်း၊ မလိုအပ်ဘဲ မသွားမလာခြင်း၊ ပြင်ပထွက်တိုင်း Mask တပ်ခြင်း၊ လက်ကို စနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင်နေထိုင်ခြင်း စသည့်စည်းမျဉ်းစည်းကမ်းများကို စနစ်တကျ လိုက်နာကျင့် သုံးသွားကြပါရန်တိုက် တွန်းနှိုးဆော်ခဲ့ကြောင်းသိရှိရသည်။
ခန့်ဝင်းကျော်